ပြည်သူတွေရဲ့ခက်ခဲလွန်းတဲ့ဘဝတွေဟာ ပြောရင်မကုန်နိုင်လောက်ပါဘူး။ အခြေခံလူတန်းစားများတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲကိုယ်စီရင်ဆိုင်နေကြရသူတွေရဲ့ဘဝဟာ အခုလို ကပ်ရောဂါဘေး စစ်ဘေးတွေကြောင့် နစ်မွန်းသထက်နစ်မွန်းလာခဲ့ရပါတယ်။ ဒီနေ့ သြဂုတ်လ (၁) ရက်နေ့မှာတော့ ဇီးကုန်းမြို့မှာ အပေါင်ဆိုင်အချို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး
စားဝတ်နေရေးအခက်အခဲအတွက် ရှိတာလေးတွေ ပေါင်နှံနိုင်ဖို့အရေး ပြည်သူတွေဟာ အပေါင်ဆိုင်မှာ ကြိတ်ကြိတ်တိုးနေခဲ့ကြပါတယ်။ အခုလို ကပ်ရောဂါကာလမှာ လာရောက်ပေါင်နှံသူတစ်ယောက်ယောက်ထဲမှာများရောဂါပိုး ပါလာခဲ့မယ်ဆိုရင် နောက်ဆက်တွဲဟာ တကယ်ကိုမတွေးရဲစရာပါပဲ။
သို့ပေမယ့်လည်း လတ်တလောအဆင်ပြေရေးက ပိုအရေးကြီးနေတာကြောင့် ရောဂါပိုးကိုတောင် မမှုတော့ဘဲ မိသားစုစားဝတ်နေရေးအတွက် ရှိတာလေးကိုလာရောက်ပေါင်နှံကြတာဖြစ်ပါတယ်။ ဒီလိုစိတ်မကောင်းစရာပုံရိပ်တွေကို ဇီးကုန်းမြို့က ပြည်သူတစ်ယောက်က ဝမ်းနည်းတသနဲ့ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ပြည်သူတွေဟာလည်း ကျပ်တည်းလွန်းတဲ့ ဘဝတွေအတွက် ယူကျုံးမရဖြစ်ပြီး စိတ်မကောင်းတဲ့အကြောင်း မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ ကပ်ဘေးတွေကြုံတွေ့နေရတဲ့ပြည်သူတွေဟာ အချိန်အကြာကြီးတောင့်ခံနိုင်ဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူး။
တစ်တိုင်းပြည်လုံးကျပ်တည်းနေကြသလို ပြည်သူ့အောင်ပွဲကိုယူဆောင်လာပေးမယ့် PDF လူငယ်တွေဟာလည်း တောထဲမှာဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒီလိုကျပ်တည်းနေတဲ့ကြားကပဲ ပြည်သူအတွက်ပြည်သူဆိုတဲ့စကားလေးအတိုင်း ပြည်သူအချင်းချင်း အပြန်အလှန်ကူညီကြသလို
တောထဲက PDF လူငယ်တွေအတွက်လည်း လိုအပ်တဲ့ထောက်ပံ့မှုတွေ အမြဲလုပ်ပေးနေခဲ့ကြပါတယ်။ အရေးတော်ပုံအောင်မြင်ပြီး တစ်နိုင်ငံလုံးပျော်ရွှင်ရမယ့်နေ့ရက်တွေကိုရောက်လာဖို့အတွက် အားလုံးက အားကျိုးမာန်တက်နဲ့ ကြိုးစားနေခဲ့ကြပါတယ်။
CRD:MMLoadmdatenews
mdatenews