ကမ္ဘာ့ငတ်မွတ်မှု အဆိုးဆုံးကြုံနိုင်တဲ့ ၂ ၃နိုင်ငံထဲ မြန်မာကိုထည့်သွင်း

 

ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ဆိုးဆိုးရွားရွားကြုံရမယ့်နိုင်ငံ ၂၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထည့်သွင်းထားပါတယ်။

 

 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) တို့က မတ်လမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ချိန်ကတည်းကဆိုရင် အခုစာရင်းထဲမှာ နောက်ထပ်ခြောက်နိုင်ငံကို ထည့်သွင်းလိုက်တဲ့ထဲ မြန်မာနိုင်ငံလည်း ပါလာတာပါ။

 

 

အဲဒီနိုင်ငံတွေမှာ လူသားစာနာမှုအကူအညီတွေ အလျင်အမြန် အရှိန်မြှင့်ပြီး မပေးနိုင်ဘူးဆိုရင် လာမယ့်လေးလအတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ် ပိုပြီးဆိုးရွားလာလိမ့်မယ်လို့ FAO ဂျီနီဗာရုံးအကြီးအကဲ Patrick Jacqueson ကပြောပါတယ်။

 

 

“စားနပ်ရိက္ခာ မလုံလောက်မှု ဆိုးဆိုးရွားရွားကြုံနေရတဲ့ လူအများစုကြီးအတွက် ပဋိပက္ခအခြေအနေက အဓိကအကြောင်းရင်းအဖြစ် ဆက်ရှိနေပါတယ်။ ပဋိပက္ခအခြေအနေအပြင် အနီးဆုံးဆက်စပ်နေတာကတော့ လူသားစာနာမှု အကူအညီတွေပေးဖို့ ကန့်သတ်ခံထားရတာဖြစ်ပြီး စားနပ်ရိက္ခာမလုံလောက်မှုကို သိသိသာသာ ပိုပြီးဆိုးရွားစေပါတယ်။ ဒီလေးလအတွင်းမှာ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ဥတုရာသီ မတည်ငြိမ်မှုက ကမ္ဘာ့ဒေသအများအပြားပေါ်သက်ရောက်နိုင်ခြေရှိပါတယ်” လို့ Patrick Jacqueson ကပြောပါတယ်။

 

စုစုပေါင်းလူဦးရေ သန်းဝက်ကျော်က ဆိုးရွားတဲ့ စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို ကပ်ဘေးအဆင့်ထိ ရင်ဆိုင်ရနိုင်ပြီး ၄၁ သန်းလောက်ကတော့ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံရနိုင်ခြေရှိနေတယ်လို့ ကုလသမဂ္ဂအဖွဲ့တွေကပြောပါတယ်။

 

 

တိုက်ပွဲတွေ၊ ငတ်မွတ်ခေါင်းပါးမှုဒဏ် ကြုံရတော့မယ့် မိသားစုတွေဆီ အသက်ကယ်အကူအညီတွေ ပေးပို့ဖို့ တားဆီးပိတ်ဆို့ခံရတာနဲ့ ရန်ပုံငွေ မလုံလောက်တာတွေဟာ အရေးပေါ်အကူအညီ လိုအပ်နေသူ သန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာပေးပို့ရေး လုပ်ဆောင်ချက်တွေကို အဟန့်အတားဖြစ်နေတယ်လို့ FAO နဲ့ WFP အဖွဲ့တွေကပြောပါတယ်။

 

CRD:MMLoad

mdatenews

mdatenews