ဩဂုတ်လ (၁၀) ရက် နေ့လည်ပိုင်းလောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် (၄၄) လမ်းအောက်ဘလောက်ရှိ နေအိမ်တစ်အိမ်သို့ အာဏာရ လက်နက်ကိုင်အဖွဲ့အစည်းမှ ဝင်ရောက်ဖမ်းဆီးရန် ပြုလုပ်ခဲ့တာကြောင့် ထွက်ပြေးနေတဲ့ လူငယ်လေး (၅) ဦးဟာ ငါးထပ်တိုက်ပေါ်ကနေ ခုန်ချသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် လူငယ် (၅) ဦးစလုံး သေဆုံးသွားပြီး တိုက်ပေါ်ကနေ မခုန်ချခဲ့သူနှစ်ဦးမှာလည်း ဖမ်းဆီးခံလိုက်ရကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားတဲ့ လူငယ်လေး (၅) ဦးတွင် အမျိုးသမီးငယ် တစ်ဦး ပါဝင်ကြောင်း သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူများအားလုံးက ဆုံးရှုံးသွားရတဲ့ လူငယ်လေးတွေအတွက် ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေကြရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သေဆုံးသွားတဲ့ အထဲမှာ ပါဝင်တဲ့မောင်ကောင်းမင်းသန့်ရဲ့ သူငယ်ချင်းဖြစ်သူမှ သူ မသေဆုံးခင် ရက်ပိုင်းလောက်က
စိတ်ထဲမှာ ခံစားနေရတာတွေကို ပြောပြထားတဲ့ မှတ်တမ်းတစ်ခုကို ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ ” ငါဖမ်းမိခဲ့ပြီး သေသွားခဲ့ရင် ငါ့အတွက် ပိုတိုက်ပွဲဝင်ပေးပါ မင်းတို့သူငယ်ချင်းကြီး လိုချင်နေတဲ့ ဒီမိုကရေစီကို ရအောင်ယူပေးပါ ” ဆိုပြီးရေးသားထားတဲ့ နောက်ဆုံး မှတ်တမ်းကို သူငယ်ချင်း ဖြစ်သူမှ ဝမ်းနည်းစွာဖြင့် ဝေမျှပေးထားတာပါ။
ဂရုစိုက်ဖို့ အတန်တန်မှာနေတဲ့ကြားက အခုလိုမျိုး လုပ်သွားခဲ့တဲ့ ကောင်းမင်းသန့်အတွက် သူ့သူငယ်ချင်းမှဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။ ဒီလူငယ်လေး (၅)ဦးဟာ လူသေပေမယ့် နာမည်မသေတဲ့ ကြယ်ပွင့်တွေအဖြစ် ကောင်းကင်ပေါ်မှာ အမြဲတည်ရှိနေကြမှာ အသေချာပါပဲ။ မြင့်မြတ်တဲ့ စိတ်ဓာတ်သွင်းပြီး အနိုင်ပိုင်းသွားကြတဲ့ သူရဲကောင်း ငါးယောက်စလုံး ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
CRD:MMLoadmdatenews
mdatenews